လာမည့်နှစ်မိုးရာသီတွင် ကျွန်းနှင့်ပိတောက်စိုက်ပျိုးရန်ပျိုးထောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်


ပုံပါကျင်              နိုဝင်ဘာ                ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ပုံပါကျင်မြို့ သစ်တောဦးစီးဌာနအနေနှင့် လာမည့် ၂၀၂၁ခုနှစ် မိုးရာသီအတွင်း ပုံပါကျင်မြို့တွင် စိုက်ပျိုးရန် ကျွန်းနှင့်ပိတောက်မျိုးများ ပျိုးထောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


“အခုက ပျိုးဘောင်တွေပြန်ပြင်နေပါပြီ၊  မျိုးစေ့တွေပျိုးမှာဖြစ်တဲ့အတွက်  မြေဆွေး၊မြေဩဇာ၊ နွားချေးတို့ကို သမအောင်မွှေပြီး ပျိုးအိတ်ထဲထည့်ဖို့စတင်  ဆောင်ရွက်နေပါပြီ၊ မျိုးစေ့တွေကိုလည်း ရေစိမ်ထားပြီးဖြစ်ပါတယ်၊ ပြီးခဲ့တဲ့မိုးရာသီတုန်းက ပျိုးပင် ၁၀၀၀၀ ကျော်ပျိုးထောင်ခဲ့တာဖြစ်ပြီး အခုလာမယ့်နှစ် မိုးရာသီမှာတော့  ကျွန်းပင် ပေါင်း ၁၄၀၀၀၊ ပိတောက်ပင် ၅၀၀၀နဲ့ စိန်ပန်းနီ၊စိန်ပန်းပြာက ၅၀၀ စီ စုစုပေါင်း ပျိုးပင် ၂၀၀၀၀ ကို ပျိုးထောင် သွားမှာဖြစ်ပါတယ်၊ မျိုးစေ့ကိုတော့ ပြည်မဘက်ကနေမှာယူပြီး ပျိုးထောင်တာဖြစ်ပါတယ်၊ဒေသကထွက်တဲ့ မျိုးစေ့က သုတေသနပြုထားတာမရှိတဲ့အတွက် ပျိုးပင်ထွက်နှုန်းဟာ ၂၅ရာခိုင်နှုန်းကနေ ၅၀ရာခိုင်နှုန်း အောက်သာ ထွက်ရှိ ပါတယ်၊ပြည်မဘက်ကမျိုးစေ့တွေကတော့ သုတေသနပြုပြီး ဖြန့်ဖြူးတာဖြစ်တဲ့အတွက် ပျိုးပင်ဟာ ၇၅ ရာခိုင်နှုန်းကျော် ထွက်ရှိလို့ ပြည်မကပဲမှာပြီး ပျိုးထောင်ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ပုံပါကျင်မြို့ သစ်တောဦးစီးဌာန ဘိနယ်တာဝန်ခံ ဦးစိုးညွန့်အောင်က ပြောသည်။


ပုံပါကျင်မြို့ သစ်တောဦးစီးဌာနတွင်  ပျိုးထောင်ထားသောပျိုးပင်များကို နှစ်စဉ်မိုးရာသီတိုင်း ပုံပါကျင်မြို့ရှိ ဌာနဆိုင်ရာများ၊စာသင်ကျောင်းများ၊တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ  ဆီသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


 စန္ဒီ(ပြန်/ဆက်)