ကော့သောင်း နိုဝင်ဘာ ၂၆
ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာနေသဖြင့် ကော့သောင်းမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကော့သောင်းမြို့နယ် ပညာရေးမိသားစုများမှ တတိယကြိမ်မြောက်အဖြစ် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုတွင်ကော့သောင်း မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ကော်မတီဖွဲ့စည်းကာ ပြည်သူများနှင့်အတူ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်း များတွင် အသုံးပြုနိုင်ရေး ကော့သောင်းမြို့နယ် ပညာရေးဝန်ထမ်းများ စုပေါင်းထည့်ဝင် လှူဒါန်း ခဲ့ကြသည့် အလှူငွေကျပ် တစ်ဆယ်သိန်းအား တတိယအကြိမ်အဖြစ် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ လင်းထိုက်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)