သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်း တင်ဆက်မှု အစီအစဉ်ဆောင်ရွက်

ကော့သောင်း နိုဝင်ဘာ ၂၆

သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေး နိုင်ရေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ CSO အဖွဲ့အစည်းဖြစ်သည့် ပါချန်မြစ် ထိန်းသိမ်း စောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၃ နာရီက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးမှုအစီအစဉ်တွင် ကော့သောင်းခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မိုးက ဦးစီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သည့် ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တောများ၊ အဏ္ဏဝါ အမျိုးသားဥယျာဉ် ပြုစုထိန်းသိမ်း စောင့်ရှောက်ထားရှိမှု အခြေအနေများ၊ ကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေခြင်း၊ အခြေခံ စားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည် တိုးတက်မြှင့်မားစေခြင်း၊ ပြည်သူများပူးပေါင်းပါဝင်ခြင်း၊ ပြည်သူအတွင်း နိုးကြားတက်ကြွမှုအသိ ရှင်သန်ခြင်း စသည့် သစ်တောမူဝါဒဆိုင်ရာများ၊ ခရိုင်အတွင်းသစ်တောဖုန်းလွှမ်းမှု အနေအထားနှင့်ရာသီဥတု၊ ဇီဝမျိုးစုံ မျိုးကွဲတောရိုင်း တိရိစ္ဆာန်များ ရှင်သန်ပေါက်ဖွားကြီးဖြင့်မှုနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ အပြန်အလှန် အကျိုးပြုဆက်နွယ်မှု အခြေအနေများ၊ ပညာပေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။

ဆက်လက်၍ ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးဇော်ဦးက သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ ပါချန်မြစ်ဝှမ်းတစ်လျှောက် ပင်လယ်ဒီရေတော ထိန်းသိမ်းရေး၊ ပြုစုပျိုးထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဓိကကျသည့် အမှိုက်စွန့်ပစ်မှုစနစ်ကျရေး၊ ပါချမ်မြစ်ဝှမ်းကျေးရွာ များအနှံ့ အသိပညာပေးဆောင်ရွက်နေမှု၊ မြစ်ဝှမ်းတစ်လျှောက် ဒေသခံအစုအဖွဲ့ပိုင် သစ်တောများ ပြုစုပျိုးထောင်ရေး အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ သဘာပတ်ဝန်းကျင်နှင့် ဒေသပြည်သူစားဝတ်နေမှု ဆက်နွယ်ပတ်သက်ခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)