လွိုင်ကော် ဒီဇင်ဘာ ၃
ကယားပြည်နယ် ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ကျောင်းသား၊ ကျောင်းသူများအတွက် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ(၂၉)ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမာန်ခန်းမ၌ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဥပဒေအရာရှိများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်က ရာဇသတ်ကြီးနှင့် အထူးဥပဒေများ ပြဋ္ဌာန်းချက်ပါ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ပြီး ဥပဒေတွင်တားမြစ်သည်ကို မလိုက်နာခြင်း၊ ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်ကို ပျက်ကွက်ခြင်းတို့အတွက် ပြစ်ဒဏ်သတ်မှတ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်ပါက အပြစ်ရှိကြောင်းကို သိရှိခြင်းဖြင့် ဥပဒေကို လေးစားလိုက်နာတတ်စေရန် မျှော်မှန်း၍ Grade 11 နှင့် Grade 12 ကျောင်းသား ၊ ကျောင်းသူများအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် ပြည်နယ်အတွက် အကျိုးရှိစေမည့် ဆောင်ရွက်ချက်တစ်ခုဖြစ်၍ သင်တန်းသား၊ သင်တန်းသူ ဆရာ ၊ ဆရာမများအနေဖြင့် သင်တန်းတွင် စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသဖြင့် ဥပဒေ၏ အခြေခံသဘော တရားများကို ကောင်းမွန်စွာ သိရှိနားလည်ပြီး သင်လျော်သည့် သင်ကြားနည်းစနစ်များကို အသုံးပြုကာ Grade 11 နှင့် Grade 12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာဘာသာရပ်ကို ထိရောက်စွာ ပြန်လည်ပို့ချပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်သင်ကြားပို့ချပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဥပဒေချုပ်တို့က သင်တန်းတွင် ဆုရရှိကြသည့် သင်တန်းသား/ သူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်ဥပဒေအရာရှိက သင်တန်းသား/သူများအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်ရခြင်း၏ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကိုဇင်(ပြန်/ဆက်)