လူထုဗဟိုပြုစီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်သာမြို့နယ် စီမံကိန်း မိတ်ဆက်ခြင်း Virtual Conference ဖြင့်ကျင်းပ

မန္တလေး နိုဝင်ဘာ ၂၆

လူထုဗဟိုပြုစီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် စီမံကိန်းမိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက Virtual Conference ဖြင့် ကျင်းပခဲ့သည်။

မိတ်ဆက်ခြင်းအခမ်းအနားကို အစီအစဉ်အတိုင်းပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဒေါက်တာစိုးသန်းက အဖွင့်အမှာစကားကို လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အမှာစကားကိုလည်းကောင်း၊ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် ဒေါ်သိင်္ဂီမင်းက စီမံကိန်း အကြောင်း မိတ်ဆက်ခြင်းကို လည်းကောင်း၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်၍ Video Presentation ဖြင့် ရှင်းလင်းပြောကြားခြင်းကိုလည်းကောင်း ပြုလုပ်ခဲ့ကြ သည်။

ဆက်လက်၍ တက်ရောက်လာသူများ၏ စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဖြေကြားပြီးနောက် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးသန်းက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့  ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေ သည့် စီမံကိန်းဖြစ်ပြီး တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇၇ အုပ်စု၊ ကျေးရွာပေါင်း ၂၄၃ ရွာတွင် စတင်ဆောင်ရွက်သွားမည်ရာ မြို့နယ်တစ်မြို့နယ်လုံးတွင် ၄ နှစ်ဆက်တိုက် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို လေးနှစ်တာကာလအတွင်း ကျေးလက်နေပြည်သူများအတွက် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး လူထုကိုအခြေပြုပြီး လူထုဆန္ဒနှင့် လူထုလိုအပ်ချက်ကို လူထုပါဝင် ဖွဲ့စည်း ထားသည့် ကော်မတီများ၊ အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင် အားဖြည့်သည့်အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီအစိုးရမှ အတိုးမဲ့ နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့် Community Driven Development- CDD Project ကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း ညောင်ဦး မြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ ရမည်းသင်း မြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် နွားထိုးမြို့နယ်တို့တွင် အကောင်အထည်ဖေါ်ဆောင်ရွက်ပြီး အောင်မြင်မှုများ ရရှိနေရာ စီမံကိန်း သတ္တမနှစ် စက်ဝန်းတွင် ၁၃ မြို့နယ်တိုးချဲ့လျာထားချက်အရ တောင်သာမြို့နယ်ကို ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမိတ်ဆက်ခြင်းကို နေပြည်တော်ကျေးလက်ဒေသ ဖွံဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ တောင်သာ မြို့နယ် ကျေးလက်ဒေသ ဦးစီးဌာနတို့တွင် Virtual Conference ဖြင့် တပြိုင်တည်းကျင်းပခဲ့ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသ အတွင်းရှိ လူထုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ သတင်းမီဒီယာများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ ကူညီမှုများဖြင့် စတင် ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၅ မြို့နယ် ဖြစ်သည့် ညောင်ဦးမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ နွားထိုးကြီး မြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်း မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၃၂၁ အုပ်စု ၊ ကျေးရွာပေါင်း ၁၁၅၁ ရွာ၊ အခြေခံ အဆောက်အဦ အမျိုးအစား ပေါင်း ၄၇၈၃ ခု ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီ စီမံကိန်း၏ ထောက်ပံ့နိုင်မှု ပမာဏ အရ တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၇၆ မြို့နယ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထိပ်ထားနိုင်