ဖားကန့် နိုဝင်ဘာ ၂၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အမြန်စစ်ဆေးသည့် Test Kit များဖြင့် အနံ့ပျောက်နေသူများအား စစ်ဆေးရာမှ လေးရက်အတွင်း လူဆယ်ဦးထက်မနည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့ရပြီး နောက် ကျန်းမာရေးအသိပညာပေးမှု မြှင့်တင်ခြင်းနှင့် အပြင်ထွက်လျှင် Mask မဖြစ်မနေတပ်ဆင်စေရေး လှုံ့ဆော်မှုအား နိုဝင်ဘာ ၂၄ ရက်နေ့မှစတင်ပြီး ရက်သတ္တတစ်ပတ်စီမံကိန်းဖြင့် မြို့နယ်လုံးကျွတ် ဆောင်ရွက်လျက်ရှိသည်။
အပြင်ထွက်လျှင် မဖြစ်မနေ Mask တပ်ဆင်စေရေး လှုပ်ရှားဆောင်ရွက်မှုအား မြို့နယ်အတွင်း လူသွားလာမှု များပြားသည့်နေရာ ၁၃ နေရာခွဲကာ Mask မတပ်ဆင်သူများအား Mask များဝေငှပေးခြင်း၊ ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များကို ပူးပေါင်းလိုက်နာစေရေး အသံချဲ့စက်များဖြင့် အသိပေးခြင်းတို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ကျန်းမာရေး၀န်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် လက်ရှိ ဖားကန့်တစ်မြို့နယ်လုံး၌ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသောဆိုင်များသာ ဖွင့်ခွင့်ပြုထားပြီး ဒေသတွင်း ပျံကျကျောက်ဝိုင်း များအားလည်း ခေတ္တပိတ်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့သူ ၉၂ ဦး ရောဂါသက်သာပြီး ဆေးရုံမှ ဆင်းခွင့်ရသည့်နောက်ပိုင်း ရက်ပေါင်း နှစ်ဆယ်ကျော်အကြာအထိ ပိုးတွေ့ရှိသူမရှိသည့် အခြေအနေရှိခဲ့ရာမှ နိုဝင်ဘာ ၂၂ ရက်နေ့မှ စတင်ပြီး ယနေ့အထိ ပိုးတွေ့ရှိသူ(၁၃)ဦးကို ပြန်လည်တွေ့လာရခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူး-၁ ဦးမင်းသူက ပြောသည်။
ဖားကန့်မြို့နယ်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Stay at Home သတ်မှတ်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀၅) ဦးဖြင့် ပိုးတွေ့ရှိမှုအများဆုံး ဖြစ်နေကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)