မိတ္ထီလာ နိုဝင်ဘာလ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ၎င်းရွှေတောင် ဓာတ်အားခွဲရုံ အနီး ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ဝမ်းတွင်းမြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၌ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအနီး ပတ်ဝန်းကျင်ကျေးရွာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်စေရန် JICA အစီအစဉ်ဖြင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုးရေးရှင်းမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Unique Comm Group Co.,Ltd မှ တာဝန်ယူ၍ ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံကို တည်ဆောက်လျက်ရှိရာ အဆိုပါတည်ဆောက်ခြင်းလုပ်ငန်းများမှာ ရာခိုင်နှုန်း ပြည့်ပြီးစီး နေပြီ ဖြစ်သည်။
၎င်း ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီး စီးနေပြီဖြစ်၍ အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်၍ လျှပ်စစ်မီး ဖြန့်ဖြူးနေပြီဖြစ်သည်။
ယင်းသို့ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံမှ လျှပ်စစ်မီးဖြန့်ဖြူးနေပြီဖြစ်၍ ၎င်း ရွှေတောင် ဓာတ်အားခွဲရုံအနီး ပတ်ဝန်းကျင်ရှိ လျှပ်စစ်မီးလင်းပြီးကျေးရွာ ၁၂ ရွာကို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိသည့်အပြင် လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာ (၁၆)ရွာကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး မီးလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာများမှာ ယခု ဘဏ္ဍာရေးနှစ်ကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ ဦးခင်မောင်အေး(အင်ဂျင်နီယာ)က ပြောပြ၍ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)