ကျိုင်းတုံ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ အသုံးပြုနည်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ထမ်းများက လက်တွေ့သရုပ်ပြသခဲ့သည်။
ရှေးဦးစွာမြို့နယ်အုပ်ချုုပ်ရေးမှူး ဦးမိုးဆန်းထွန်းက စေတနာ့ဝန်ထမ်းများအား အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက PPE ဝတ်စုံ စနစ်တကျဝတ်နည်းနှင့် ချွတ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့သည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းတာဝန်ကို ထမ်းဆောင်မည့်သူ (၁၆)ဦးရှိပြီး ကျိုင်းတုံမြို့ဝင်/ထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များနှင့် Quarantine Centre များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကုသရေး လုပ်ငန်းများအတွက် တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်သည်။
ကျိုင်းတုံမြို့တွင် နိုဝင်ဘာ ၂၆ ရက်နေ့က ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်စေရန် စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျအသုံးပြုနည်းကို ကျန်းမာရေးဝန်ထမ်းများက လက်တွေ့သရုပ်ပြသခြင်းဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)