လှိုင် နိုဝင်ဘာ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် အသက်တစ်နှစ် အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ပြန်လည်စတင်ထိုးနှံခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်နှစ်လမှ ကလေးငယ်များအား ဘီစီဂျီ ပြင်းထန်ဝမ်းပျက် ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) (၅)မျိုး၊ စပ်ကာကွယ်ဆေးဖြစ်သော (ဆုံဆို့၊ကြက်ညာ၊ အသည်းရောင် အသားဝါ(ဘီ) ဦးနှောက် အမြှေးရောင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချ ဆေးတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လှိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသော မိဘနှင့်ကလေးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကာကွယ် ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်အသီးသီးသို့လည်းနေ့ရက်များအလိုက် လိုက်လံထိုးနှံပေးခြင်းများ ပြန်လည်စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)