လွိုင်ကော် ဒီဇင်ဘာ ၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများ၌ ယခုရက်သတ္တပတ်တွင် ကျောင်းအခြေပြုကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဌာနဝန်ထမ်းများမှ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ဆုံဆို့မေးခိုင်(DT)ကာကွယ်ဆေးထိုးနှံနေမှုနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံနေမှုတို့ကို ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းဝန်းအတွင်း ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းတွင် ကျောင်းသားကျောင်းသူများအတွက် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကိုသာ ရောင်းချစေရေး ကြပ်မတ်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ဒေါတမ)သို့သွားရောက်ကာ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဌာနဝန်ထမ်းများမှ ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဝန်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
လွိုင်ကော်မြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းအား (၃-၁၂-၂၀၂၄)ရက်နေ့မှ (၁၀-၁၂-၂၀၂၄)ရက်နေ့ထိ အခြေခံပညာကျောင်း(၂၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၃၂၂)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)