သပိတ်ကျင်း နိုဝင်ဘာလ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာမှှ COVID-19 အတည်ပြုလူနာတစ်ဦး ယမန်နေ့ က ထပ်မံတွေ့ရှိကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာရှိ အမျိုးသမီးတစ်ဦးသည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ်စက်ရုံမှ ပြန်လည် ရောက်ရှိလာသဖြင့် ဇရပ်ကွင်းကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ Quarantine ထားရှိပြီး ၎င်းလူနာ၏ နှာခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ်နမူနာအားရယူ၍ နိုဝင်ဘာ ၂၅ရက်နေ့တွင် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိကြောင်း အကြောင်းပြန်ကြားလာသဖြင့် အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာအား ဇရပ်ကွင်းကျေးရွာ၊ ရွှေမေတ္တာလူမှုကူညီရေး အသင်း မော်တော်ယာဉ်ဖြင့် သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မိုးခိုင်မှ လိုအပ်သည့် ဆေးကုသမှု များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါလူနာနှင့်ထိတွေ့ခဲ့သော ဇရပ်ကွင်းကျေးရွာရှိ ၎င်း၏ဖခင်နှင့်(၈)ဦးအား Facility Quarantine ထားရှိပြီး ကျန်မိသားစုဝင် များအား Home Quarantine ထားရှိထားကြောင်း သိရသည်။
စိုးနိုင်ဝင်း (ပြန်/ဆက်)