ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်း ရှိ/မရှိစစ်ဆေး

ကွန်ဟိန်း နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်   ကျန်းမာရေး ညွှန်ကြားချက်များ နှင့် အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းအား ယမန်နေ့ ည(၆)နာရီ မှ (၈)နာရီ (၃၀) မိနစ်အချိန်ခန့်အထိ ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ် ၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းအား ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ကုန်တင် ယာဉ်၊ ခရီးသည်တင်ယာဉ် ၊ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အနေဖြင့် မြို့နယ်အတွင်း ဝင်ရောက်လာ ပါက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးအမျိုးသား ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ Standard Operating Procedure(SOP)အတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်စေရေး၊ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်၍ ရှောင်ကွင်း လမ်းများမှ ဝင်ရောက်လာမှု မရှိစေရေး စစ်ဆေးခဲ့ကြပြီး ညွှန်ကြားချက်များအား လိုက်နာမှုမရှိပါက တည်ဆဲဥပဒေ များနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ စစ်ဆေးခြင်းအား မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊ စေတနာ့ ဝန်ထမ်းများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)