ဇေယျာသီရိ နိုဝင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် တီဘီရောဂါ ကင်းဝေးပပျောက်ရေး၊ လူတိုင်းသက်တမ်းစေ့နေထိုင် နိုင်ရေး ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာထွန်းကျော်စိုး ဦးဆောင်သော Mobile TB Team အဖွဲ့သည် ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းတွင် ပြည်စံအောင် ရပ်ကွက်ရှိ ပညာရောင်ခြည်ကျောင်းတိုက်၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်း လုပ်ငန်း ဆောင်ရွက်ကြောင်း သိရသည်။
တီဘီရောဂါ ရှာဖွေကုသခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ တစ်နေ့လျှင် အချိန်လေးချိန်ခွဲ၍ တစ်ချိန်လျှင် (၂၅) ဦးနှုန်း ကျေးရွာအတွင်းရှိ တီဘီရောဂါ သံသယရှိသူများ၊ တီဘီ ရောဂါသည်နှင့် အတူနေမိသားစုဝင်များ၏ အမည်စာရင်းများကို ကြိုတင်ရယူပြီး စစ်ဆေးမှုခံယူရမည့်အချိန်ကို အကြောင်းကြား ထားကြောင်း၊ စမ်းသပ်စစ်ဆေးချက်အရ တီဘီရောဂါပိုး တွေ့ရှိရသူများကို တီဘီဆေးများ အခမဲ့ပေးသွားမည် ဖြစ်ပြီး Mobile TB Team အနေဖြင့် ဇေယျာသီရိမြို့နယ်တွင် နိုဝင်ဘာ (၂၆)ရက်နေ့တွင် ရေဆင်းကျေးရွာအုပ်စု၊ (၂၇)ရက်နေ့တွင်ပြည်စံအောင် ရပ်ကွက်ရှိ ပညာရောင်ခြည်ကျောင်းတိုက်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် စည်ပင်ကြီးကျေးရွာအုပ်စုနှင့် (၂)ရက်နေ့တွင် အောင်ဇေယျ ရပ်ကွက်သို့ သွားရောက်ကာ တီဘီရောဂါရှာဖွေကုသခြင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)