မန္တလေး နိုဝင်ဘာလ ၂၇
ကိုဗစ်-၁၉ Positive လူနာများကို ကုသပေးနေသော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များအတွက် ငွေကျပ် သိန်း ၁၀၀ ကျော်ကို ချီးမြှင့်ဂုဏ်ပြုခြင်းကို နိုဝင်ဘာလ ၂၇ ရက်နေ့က ကိုဗစ်-၁၉ Positive ရောဂါပိုးရှိသူများအား ကုသပေးနေ သော ဆေးရုံ ၉ရုံသို့ သွားရောက်လှူဒါန်းခဲ့သည်။
“ကိုဗစ်ဒုတိယလှိုင်းဖြစ်လာတဲ့ အခါမှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနေတယ်၊ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ကျောက်စိမ်းညီအစ်ကို တွေကလည်း တတ်နိုင်တဲ့ ဘက်ကနေ ဝိုင်းဝန်းကူညီဆောင်ရွက်ကြမယ်ဆိုတဲ့စိတ်နဲ့ ကိုဗစ်-၁၉ ရောဂါ Positive အတည်ပြုလူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ ၉ ရုံမှာ အတွင်းစည်းကနေ ကုသစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ Volunteer တွေ ၂၇၄ ဦးကို တစ်ဦးကို ဂုဏ်ပြု ငွေကျပ် လေးသောင်း ချီးမြှင့်ပေးသွားမှာပါ၊ နိုဝင်ဘာ ၃ဝရက် နေ့ကစပြီး အထက(၂၄) မှာဖွင့်ထား တဲ့ Quarantine Center ရှိ လူ ၁၈၀ ဦးစာကို မနက်စာ၊ နေ့ လယ်စာ၊ ညစာဆိုပြီး တစ်လစာ လှူဒါန်းသွားမှာပါ” ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးကျော်ဇောအောင်က ပြောကြားသည်။
ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများကို အတွင်းစည်းမှ ပြုစုကုသစောင့်ရှောက် ပေးကြသော ကန်တော်နဒီဆေးရုံမှ ၂ဝဦး၊ ခုတင်၃ဝဝဆံ့ သင်ကြားရေးဆေးရုံမှ ၁ဝဝဦး၊ တိုင်းရင်းဆေးရုံမှ ၂၆ဦး၊ ၆၂လမ်း သံဃာ့ဆေးရုံမှ ၃ဝဦး၊ Multi Stadium မှ ၂၆ဦး ၊ ဇိဝိတဒါနသံဃာ့ဆေးရုံ (ကန်တော်ကြီး)မှ ၁၄ဦး၊ အလုပ်သမားဆေးရုံ(မန္တလေး)မှ ၂၃ဦး၊ ပုသိမ်ကြီးဆေးရုံမှ ၂၅ဦး၊ သူနာပြု တက္ကသိုလ် မှ ၁ဝဦးတို့အား တစ်ဦးလျှင်ငွေကျပ် လေးသောင်းနှုန်းဖြင့် ကျပ် ၁၀၉သိန်း ၆သောင်း ကို ကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(မန္တလေး)၊ ကျောက်ဝိုင်းအကျိုးတော်ဆောင်၊ ကျောက်စိမ်း ညီအစ်ကိုများ၏ ကိုဗစ်-၁၉ စုပေါင်းရံပုံငွေများ ထဲမှ ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားချိန် ပထမလှိုင်းတွင်လည်း ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး)၊ မဟာအောင်မြေ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးစခန်းရှိ အကျိုးတော် ဆောင်များ၊ ကျောက်စိမ်းကျောက်မျက်လုပ်ငန်းများ လုပ်ကိုင်နေကြ သည့် ပြင်ပမှ ကျောက်စိမ်း ညီအစ်ကိုများ ဝိုင်းဝန်းစုပေါင်းမတည်မှုဖြင့် အခြေခံကျောက်သမားများကို ဆန်၊ ဆီ၊ ဆားအပါအဝင် အခြေခံစား သောက်ကုန်များကိုလည်း ထောက်ပံ့ပေးခဲ့သည်။
ထိပ်ထားနိုင်