လွိုင်ကော် ဒီဇင်ဘာ ၈
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်ကွဲစေတီတော် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေးဆောင်ရွက်နေမှု၊ ကတ္တရာကွန်ကရစ် (AC)ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘီလူးချောင်းရေဝင်ရောက်ခဲ့မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ကျန်ရှိနေသည့် ရေများစုပ်ထုတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာတောင်ကွဲစေတီတော်သို့ ရောက်ရှိကာ ပြည်လုံးချမ်းသာစေတီတော်ကြီးနှင့် အရံစေတီတော်များအား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် မိုးကောင်းဘုရားကြီးပရိဝုဏ်အတွင်း တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့အား ကြည့်အားပေးပြီး ပြုပြင်မွမ်းမံမည့် လျောင်းတော်မူ ဘုရားကျောင်းဆောင်အား စနစ်တကျ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ယင်းနောက် မိုးကောင်းဘုရားကြီး ကျောင်း ဆရာတော် ဘဒ္ဒန္တဇဋိလအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူတော်ငွေ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့၊ ဘူတာလမ်း (၃၇၃၀x၃၀) ပေအား ကတ္တရာကွန်ကရစ်(AC) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း ၍ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးစောနေခလီးက ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကတ္တရာကွန်ကရစ် ခင်းကြိတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ လမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေးကြိုးများနှင့် လျှပ်စစ်မီးကြိုးများ စနစ်ကျသပ်ရပ်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ယင်းနောက် လွိုင်ကော်-လောပိတလမ်း(၃.၅)ကီလိုမီတာအား ကတ္တရာကွန်ကရစ်(AC)ခင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး လုပ်ငန်းစစ်ဆေးရေးကော်မတီများက စနစ်တကျ စစ်ဆေးရန်နှင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး စနစ်တကျ စီမံပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ယာယီရေဘေးရှောင်စခန်းများမှ ပြည်သူများအား ၎င်းတို့၏နေအိမ်များတွင် အမြန်ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ဒေါနိုးကူးရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် ဘီလူးချောင်း ရေဝင်ရောက်ပြီး ကျန်ရှိသည့်ရေများအား ရေနုတ်မြောင်းများမှတစ်ဆင့် ဘီလူးချောင်းအတွင်းသို့ စုပ်ထုတ် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေစုပ်ထုတ်မှုအား စောင့်ကြည့်ကာ လျော့ကျမှု အခြေအနေပေါ် မူတည်၍လိုအပ်ပါက စက်အင်အား ထပ်မံတိုးမြှင့် အသုံးပြုဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)