ကိုဗစ်-၁၉ အတည်ပြုလူနာများထားရာတွင် တာဝန်ကျရဲတပ်သားတစ်ဦး ပိုးကူးစက်ခံရ

ကျောင်းကုန်း   နိုဝင်ဘာ   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများထားရာ Plan C ဆေးရုံအဖြစ်အသုံးပြုသော အိုးအိမ်ဝန်ထမ်းအိမ်ယာတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် တစ်ဦး ယမန်နေ့ ညနေက အနံ့မရသဖြင့် စစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အဆိုပါရဲတပ်သားသည် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နေရာမှ အနံ့အရသာ ရရှိခံစားမှုမရှိ၍ နိုဝင်ဘာလ ၂၆ ရကနေ့ မွန်းလွဲ  ၃ နာရီခွဲအချိန်ခန့်က မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင် နှင့် ကျန်းမာရေး ဝန်ထမ်းများက Rapid  Test  Kit (R T K) စက်ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသဖြင့် အတည်ပြုလူနာများထားရာ အိုးအိမ်ဝန်ထမ်းအိမ်ယာတွင် ထားလျက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူသွားမည် ဖြစ်သည်။

ကျောင်းကုန်းမြို့နယ် Plan C ဖြစ်သည့် အိုးအိမ်ဝန်ထမ်းအိမ်ယာ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၁၀)ဦးရှိပြီး အားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း၊ ယနေ့အထိ ဆေးရုံဆင်း အတည်ပြုလူနာ(၅၄)ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)