စဉ့်ကိုင် နိုဝင်ဘာ ၂၇
ကိုဗစ် -၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ၊ ဧရာမင်းမိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း နောက်ဆုံး အကြိမ် မျိုးကွဲပယ်ခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ကြီးကြပ်၍ ယနေ့နံနက်(၈) နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ကျေးရွာအုပ်စုပေါင်း (၂၉)အုပ်စု၊ ကွင်းပေါင်း(၃၇)ကွင်း၊ တောင်သူပေါင်း (၉၁) ဦးဖြင့် မျိုးစေ့ထုတ် စိုက်ဧက (၃၈၂) ဧကကို စိုက်ပျိုးဆောင်ရွက်ခဲ့ရာ အရည်အသွေး ကောင်းမွန်ပြီး မျိုးကောင်း၊ မျိုးသန့် ၊ မျိုးစေ့များထုတ်လုပ် နိုင်ရန်အတွက် မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများကို သီးနှံစိုက်ပျိုး ရာသီတစ်လျှောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စိုးစိုးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဧရာမင်းမျိုးသန့်မျိုးပွားမျိုးစေ့များမှ စိုက်ပျိုးထားရှိသော မျိုးစေ့များကို မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး သော မျိုးစေ့ထုတ်ဧကများအား တာဝန်ခံများမှ ကွင်းဆင်း စစ်ဆေးလျက်ရှိပြီး ကွင်းအောင်သော(Field Passed) ရရှိသော တောင်သူ များအား မျိုးစေ့အရည်အသွေး စစ်ဆေးနိုင်ရန် အထက်မြန်မာပြည် မျိုးစေ့အရည်အသွေး ဓါတ်ခွဲခန်းသို့ ပို့ဆောင်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတ်မှတ်ထားသောအရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဓါတ်ခွဲထောက်ခံချက်ရရှိသော မျိုးစေ့များအား စနစ်တကျ သိုလှောင်သိမ်းဆည်းပြီး လာမည့်နှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးမည့် တောင်သူများအတွက် လိုအပ်သော မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး သီးနှံအရည်အသွေးအထွက်နှုန်း ပိုမိုကောင်းမွန်၍ စျေးကွက်လည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးထံက သိရသည်။
ဝင်းဝင်းသန်း (စဉ့်ကိုင် ပြန်/ဆက်)