ကျွန်းစု နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ Quarantine Centre ၌ အသွားကန့် သတ်ကာ ကျန်းမာရေးစောင့်ကြပ်လျက်ရှိသော အမျိုးသမီးတစ်ဦးအား ယမန်နေ့ နံနက်ပိုင်းက Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးခဲ့ရာ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ (positive) တွေ့ရှိသူသည် မြိတ်မြို့၊ ရွှေဘေးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး၊ မိခင်ဖြစ်သူ၏ ကျန်းမာရေးကိစ္စဖြင့် ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာသို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ၎င်းမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူဖြစ်ကြောင်း သိရှိပြီးနောက် ကျေးရွာရှိ Quarantine Centre ၌ အသွားအလာကန့်သတ်၍ ကျန်းမာရေးစောင့်ကြပ်ထားကာ ယနေ့၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးနှင့် အဖွဲ့က Test Kit ဖြင့် စစ်ဆေးရာ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ပိုးတွေ့ရှိသူအား နာရေးကူညီမှု အသင်းက မော်တော်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာ သီးခြားအဆောင်၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူသည် အနံ့အာရုံပျောက်ခြင်းမရှိ၊ ဖျားနာခြင်းမရှိ ကျန်းမာရေး ကောင်းမွန် လျက်ရှိပြီး ၎င်းနှင့်ထိတွေ့ခဲ့သူ မိသားစုများအား ကတ္တလူကျေးရွာရှိ Quarantine Centre သို့ ပို့ဆောင်ကာ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုထားကာ နိုဝင်ဘာ(၂၈)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)