မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂၃ ကျောင်းတို့မှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည်

မိတ္ထီလာ နိုဝင်ဘာလ ၂၈

မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃) ကျောင်းတို့မှ အန္တရာယ်ရှိသောကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ စာသင်ကြား ရာတွင် ကျောင်းဆောင် လိုအပ်ချက် မရှိစေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျောင်း ဆောင်သစ် များကို တို့ချဲ့ ဆောက်လုပ်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း(၂၃) ကျောင်းတို့မှ အန္တရာယ်ရှိသောကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်း ဆောင်သစ်များ ဆောက်လုပ်သွား မည်ဖြစ်သည်။ ၎င်းကျောင်းဆောင်သစ်များကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူ၍ တည်ဆောက်သွား မည်ဖြစ်သည်။ အဆိုပါ အန္တရာယ်ရှိသောကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ တည်ဆောက်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောင်း(၁၈) ကျောင်းနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောင်း(၅)ကျောင်းတို့ကို ဆောက်လုပ်သွားမည်ဖြစ်သည်။

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင်  မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၂၃)ကျောင်းတို့မှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် နှစ်ထပ်ကျောင်းဆောင်အဖြစ် အခြေခံပညာ မူလတန်းကျောင်းများဖြစ်သည့် အမှတ်(၆)မင်းရပ်၊ ရဲပေါက်ချောင်း ကျောင်းများနှင့် အခြေခံပညာမူလတန်း လွန်ကျောင်းဖြစ်သည့် စျေးအရှေ့ပြင်တို့တွင် ဆောက်လုပ်သွား မည် ဖြစ်သည်။ ၎င်းအပြင် အခြေခံပညာအလယ်တန်း ကျောင်းခွဲဖြစ်သည့် စစ်ရဲကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းဖြစ်သည့် ရှမ္မငယ်ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲဖြစ်သည့် လေတပ်ကျောင်းတို့တွင် ကျောင်းဆောင်သစ် ဆောက်လုပ် သွားမည်ဖြစ်သည်။

ဆက်လက်၍ တစ်ထပ်ကျောင်းဆောင်အဖြစ် အခြေခံပညာမူလတန်းကျောင်းများဖြစ်သည့် ကချင်လေး၊ အင်းကုန်း၊ ဆက်သွယ်ရေး၊ ရှင်မြို့၊ အမှတ်(၇၀)ဂွေးကုန်း၊ လူးခင်းကြီး၊ စက်ပစ်တောင်၊ မြောင်းပေါက်၊ ကြာအင်း၊ ကျိတ်ပုလဲ၊ ဖလံကျင်း၊ ကန်နီတောင်၊ ရွာသာ၊ ငဆက္ကန်၊ သက္ကယ်ကျင်း၊ ဝက်ကျောက်တို့နှင့် အခြေခံပညာ အလယ်တန်း ကျောင်းခွဲဖြစ်သည့် သပြေကန်ကျောင်းတို့တွင် ကျောင်းဆောင်သစ်များ ဆောက် လုပ်သွားဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)