အမာမြို့တွင် HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေး

အမာ      နိုဝင်ဘာ‌      ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ(HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများက အသက် (၉ )နှစ်မှ (၁၀) နှစ် အရွယ် မိန်းကလေးငယ်များအား  ထိုးနှံပေးခဲ့ပြီး  နိုဝင်ဘာလ(၂၇)ရက်နေ့မှ စတင် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။ အသက် (၉) နှစ်မှ (၁၀) နှစ်အကြား အမျိုးသမီး ငယ်များအား (HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့်  Human Papilloma Virus ဟုခေါ်သည့်  (HPV) ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်း ကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွား တတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးသည် HPV ပိုးကြောင့်ဖြစ်ကြောင်း သိရပြီး HPV ကာကွယ်ဆေးနှင့်ပတ်သက်သော အမေးများသည့် မေးခွန်းနှင့်အဖြေများ ပါဝင်သည့် လက်ကမ်းများ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးအားအသက်အရွယ်အလိုက် ကာကွယ်ဆေးအပြည့်အဝရရှိစေရန် နှစ်ကြိမ် ထိုးနှံရမည် ဖြစ်ပြီး အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေး တိုင်းကို တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂) လခြားပြီး နှစ်ကြိမ်ထိုးနှံပေးရမည်ဖြစ်ကြောင်း အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နော်လေး (အမာ)