စလင်းမြို့နယ်တွင် စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

စလင်း၊ ဇန်နဝါရီ   ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်းအဖွဲ့သည်  ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်း တွင် ဖွင့်လှစ် ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးဆေးဆိုင်များသို့သွားရောက်၍ စိုက်ပျိုးရေးဆေးပစ္စည်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ပိုးမွှားကာကွယ်ရေးတာဝန်ခံ ဒုတိယ ဉီးစီးမှူး ဒေါ်မြင့်မြင့်မွှေး၊ မြေအသုံးချရေးတာဝန်ခံ ဒုတိယလက်ထောက်ဉီးစီးမှူး ဉီးမျိုးသက်နိုင်၊ သက်ဆိုင်ရာ နယ်မြေကွင်း တာဝန်ခံများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးဆေးဆိုင်များတွင် စိုက်ပျိုးရေး ပစ္စည်းရောင်းချခွင့်လိုင်စင်များအား လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ၊ ဓာတ်မြေဩဇာ၊ သီးနှံမျိုးစေ့ထုတ်များနှင့် ပိုးသတ်ဆေးများတွင် သက်တန်းလွန်ခြင်း၊ မြန်မာစာအညွှန်းမပါရှိခြင်း၊ အခါအားလျော်စွာ ရောင်းချခွင့်ပိတ်ပင်ထားသောပစ္စည်းများ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးဆေးပစ္စည်းများအား စာသောက်ကုန်ပစ္စည်းများနှင့် စုပေါင်းသိုလှောင်ခြင်းမပြုရန် အထူးအလေးထားဆောင်ရွက်စေလိုကြောင်း ဆေးဆိုင်ပိုင်ရှင်များအားရှင်းလင်း ဆွေးနွေး ပြောကြားသည်။

စလင်းမြို့နယ်အတွင်းတွင် ပိုးသတ်ဆေးအရောင်းဆိုင် ၁၀၄ ဆိုင်၊ ဓာတ်မြေဩဇာအရောင်းဆိုင် ၆၂ ဆိုင်၊ သီးနှံမျိုးစေ့အရောင်းဆိုင် ၈ ဆိုင်ရှိပြီး စိုက်ပျိုးရေးဆေးဆိုင်များတွင် အရည်အသွေးပြည့်မှီသော မှတ်ပုံ တင်လက်မှတ်ရရှိပြီးသည့် ပစ္စည်းများကိုသာရောင်းချရေး ဆက်တိုက်ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဉီးစီးမှူးဉီးမြင့်လင်းထံမှ သိရသည်။          

စိုးမိုးသူ( စလင်း)