ညောင်ဦး နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက်အဖွဲ့အသီးသီမှ ပူးပေါင်းပါဝင်ကာ ပလပ်စတစ်အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပုဂံပလတ်စတစ်ကမ်းပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေထံက သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံမြို့သစ်နှင့်မြင်းကပါကျေးရွာ ကြား ဧရာဝတီမြစ်ကမ်းဘေးတွင် ရှိသည့် ကျောက်မျက်မှော်ဘုရား ပတ်ဝန်းကျင်ရှိ ခြုံနွယ် ပိတ်ပေါင်းထူနေသည့် ကန္တာရပင်များ၊ မြက်တောများ၊ ပလတ်စတစ် အမှိုက်များ၊ တစ်ခါသုံး ဖော့ဘူးခွံများကို ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ)ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ BOB Balloon အဖွဲ့မှ ဝန်ထမ်းများ၊ STT Balloon အဖွဲ့မှဝန်ထမ်းများ ၊Golden Eagle Balloon အဖွဲ့မှဝန်ထမ်းများ၊ ဇော်ခရီးသွားလုပ်ငန်းဝန်ဆောင်မှု၊ ဧည့်လမ်းညွှန် အသင်းသား/သူများ၊ ကျောက် မျက်မှော် ဘုရားဈေးသည်များ အဖွဲ့၊ မြစိမ်းဒီပါဟိုတယ်အဖွဲ့သားများက ခြုံနွယ်များ ရှင်းလင်း ကြကြောင်း ပုဂံပလတ်စတစ် ကမ်ပိန်းအဖွဲ့အတွင်းရေးမှူး ဦးမိုးမင်းအောင်က ရှင်းပြသည်။
ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ စုပေါင်းအမှိုက်ကောက် ကုသိုလ်ယူသူများအား Royal-D Co.,Ltd မှ သီးစုံ ဓာတ်ဆား ဖျော်ရည်ဗူးများ၊ ပလတ်စတစ် ကမ်ပိန်းမှကောက်ညှင်း ပေါင်းများဖြင့် အာဟာရဒါနပြုခဲ့ကြောင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ ရပ်နား ထားသည့် အမှိုက်ကောက် သန့်ရှင်းရေး လုပ်ငန်းများ ယနေ့စနေ အပတ်မှ စတင်ကာ ရှင်းလင်းရေး စနေနေ့တိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေး မှုဇုန်အား ပုဂံပလတ်စတစ်ကမ်းပိန်းအဖွဲ့မှ ဦးဆောင်ကာ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် ပလပ်စတစ် ကင်းစင်ရေး၊ ခြုံနွယ်ထူထပ်နေသည့် နေရာများအား ပြန်လည်းရှင်း လင်းရေး စနေနေ့တိုင်း ပုံမှန်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုထိန်၊ KPD