လွိုင်ကော် ဒီဇင်ဘာ ၁၅
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်အတွင်း သန့်ရှင်းရေးနှင့် ကျောင်းဆောင်များ အချောသတ်ပြင်ဆင်မှု၊ ရပ်ကွက်များအတွင်း ရေဝပ်ကျန်ရှိနေသည့် နေရာများတွင် ရေစုပ်ထုတ်ဆောင်ရွက်နေမှုနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေတောင်ပရိယတ္တိစာသင်တိုက်အတွင်း ရေဝင်ရောက်ခဲ့မှုကြောင့် ကျောင်းပရိဝုဏ်အတွင်း သဲနုန်းများနှင့် အမှိုက်များအား ဌာနဆိုင်ရာဝန်ထမ်းများက ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ပြင်ဆင်ဆောင်ရွက်ပြီးစီးသည့် ကျောင်းဆောင်များတွင် ဆရာတော်၊ သံဃာတော်များ ပြန်လည်သီတင်းသုံးနိုင်ရေး လိုအပ်သည်များစနစ်တကျ ပြင်ဆင်ထားရှိရန်၊ ဆွမ်းစားဆောင်နှင့် ဆွမ်းချက်ဆောင်များအား သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ အသုံးပြုနိုင်ရေး၊ ရေတွင်းရေကန်များအားလည်း ကျန်းမာရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဒေါနိုးကူးနှင့် နမ့်ကွတ်ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် ဘီလူးချောင်းရေ ဝင်ရောက်ခဲ့မှုကြောင့် ရေဝပ်နေရာအချို့တွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများက ရေနုတ်မြောင်းများမှတစ်ဆင့် ဘီလူးချောင်းအတွင်းသို့ ရေစုပ်ထုတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျန်ရှိရေများအား အမြန်ဆုံးဖယ်ရှားရှင်းလင်းရန်နှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။ ဆက်လက်၍ အထက(ခွဲ)၊ နမ့်ကွတ်ကျောင်းသို့ရောက်ရှိကာ ကျောင်းဝန်းအတွင်း ရေများပြန်လည်ကျဆင်းပြီဖြစ်၍ သန့်ရှင်းရေးများ စနစ်တကျဆောင်ရွက်ပြီး ကျောင်းအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ရေဝင်ရောက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများအား အန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ရေထိန်းမြေကာနံရံတည်ဆောက်ထားသည့် နမ့်ကွတ်ရေစီးကွေ့သို့ရောက်ရှိကာ လာမည့်နှစ်များတွင် ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
၎င်းနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး သင်တန်းခန်းမ၊ စာသင်ဆောင်များ၊ ဒွေးမယ်နော်၊ ကိန္နရီနှင့် မနော်ဟရီအိပ်ဆောင်များ၊ စားရိပ်သာ၊ ရုံးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အိပ်ဆောင်များနှင့် သန့်စင်ခန်းများတွင် လျှပ်စစ်မီးများနှင့် သောက်သုံးရေများ စနစ်တကျအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် စာသင်ဆောင်များ၊ စုပေါင်းသင်တန်းခန်းမများတွင် သင်ကြားသင်ယူမှုများ စနစ်တကျဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် သင်တန်းသား၊ သင်တန်းသူ (၇၀)ဦး တက်ရောက်သင်ယူမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)