လွိုင်ကော် ဒီဇင်ဘာ ၁၅
ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပေါင်းစပ်၍ ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးနှင့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်ရည်ရွယ်၍ မော်တော်ဆိုင်ကယ်စက်ပြသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တန် သင်တန်းခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းတို့က သင်တန်းသားများအား ပြည်နယ်အစိုးရအဖွဲ့မှ ဆိုင်ကယ်ပြုပြင်ရာတွင်အသုံးပြုသည့် လက်သုံးကိရိယာ(Tools Box) သင်ထောက်ကူပစ္စည်းများပေးအပ်သည်။ ထို့နောက် သင်တန်းနည်းပြနှင့် သင်တန်းသားများက တစ်ဦးချင်းစီမိတ်ဆက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။ ယင်းနောက် သင်တန်းသားများ စာတွေ့လက်တွေ့သင်ကြားနေမှုအား ကြည့်ရှု့အားပေးစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများတက်ရောက်ခဲ့ပြီး ယင်းသင်တန်းအား သင်တန်းနည်းပြ (၂)ဦးက စာတွေ့လက်တွေ့သင်ကြားပို့ချမှာဖြစ်ပြီး ဒေသခံတိုင်းရင်းသားလူမျိုးများဖြစ်သည့် သင်တန်းသား (၁၅) ဦးက တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကိုဇင်(ပြန်/ဆက်)