လွိုင်ကော် ဒီဇင်ဘာ ၁၈
ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်၊ လျာထားချက်များ ချမှတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ လျာထားချက်များမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အဓိကသီးနှံများအား လျာထားချက်ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စံပြစိုက်ခင်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ ပံ့ပိုးကူညီပေးခြင်းများ ဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာလုပ်ငန်းများတွင် စက်ကိရိယာများ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ အမှန်တကယ်တိုးတက်အောင်မြင်ရေး ဆောင်ရွက်ကြရန်နှင့် တိရစ္ဆာန်အစားအစာများ လုံလောက်စွာရရှိရေး စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဝါနှင့်ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်သွားမည့်အစီအမံများ၊ စံပြစိုက်ခင်းများဆောင်ရွက်နိုင်မှုနှင့် ဆောင်းသီးနှံများစိုက်ပျိုးပြီးစီးမှု၊ မွေးမြူရေးလုပ်ငန်းတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ သမဝါယမအသင်းများ တိုးချဲ့ဖွဲ့စည်းမည့်အခြေအနေများ၊ ငါးသားပေါက်များ မွေးမြူပြုစုထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ သစ်အချောထည်လုပ်ငန်းများဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လျှပ်စစ်ဓါတ်အားပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ဟိုတယ်နှင့်တည်းခိုခန်းများ ဖွင့်လှစ်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးငွေ၊ အတိုးအရင်း ပြန်လည်ပေးဆပ်မှုအခြေအနေများကို အသီးသီးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)