ကော့သောင်း နိုဝင်ဘာ ၃၀
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု ကာလအတွင်း ကော့သောင်းမြို့တွင် ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူ ဒေသခံပြည် သူမိသားစုများ စီးပွားရေး အထိုက်အလျောက် အဆင်ပြေဝင်ငွေ ကောင်းလျက်ရှိကြောင်း ယနေ့နံနက်က သိရသည်။
ကော့သောင်း မြို့နေဒေသခံ အခြေခံလူတန်းစားထက်ဝက်ကျော်သည် ပင်လယ်ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူအများစု ဖြစ်ကြပြီး ရောဂါထိန်းချုပ်မှုကာလအတွင်း ကမ်းဝေးငါး ဖမ်းလှေ တစ်ချို့ရပ်နားထားသော်လည်း မြို့နေပြည်သူများ နေ့စဉ် စားသုံးရန် လိုအပ်သည့် ပင်လယ်ငါးလိုအပ်ချက်ကို ကမ်းနီးငါးဖမ်းလှေငယ်များက လုပ်ကိုင်ဖြည့် ဆည်း ပေးလျက် ရှိသည်။
ကမ်းနီးငါးဖမ်းလုပ်ငန်းသည် ယခင်ကာလများက မြို့နေပြည်သူစားသုံးမှု လိုအပ်ချက်ထက် ပိုလျှံသဖြင့် ထိုင်းနိုင်ငံငါး ဈေးကွက်သို့ တင်ပို့ရောင်းချမှုဖြင့် စီးပွားရေး အဆင်ပြေခဲ့ကြသော် လည်း ကိုဗစ်၁၉ရောဂါ ထိန်းချုပ်မှု လုပ်ငန်းများကြောင့် ထိုင်းမြန်မာနယ်စပ် ရေထွက်ကုန်များ တင်ပို့ရောင်းချခွင့်ရပ်နား ထားရာ ကမ်းနီးငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူများ စီးပွားရေးအခက်အခဲ တစ်ချို့ ဖြစ်ပေါ်မှုများ ရှိသော်လည်း ပြည်ပသို့တင်ပို့ခွင့်မရသည့် ငါးများအား မြို့နေပြည်သူများ နေ့စဉ်စားသုံးမှုမှ ပိုလျှံသည့် ပင်လယ် ငါးများကို အခြောက်လှမ်းကာငါးခြောက် လုပ်ငန်းအဖြစ် လုပ်ကိုင်ရောင်းဝယ်မှုကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူ အခြေခံ လူတန်းစားများ ဝင်ငွေ အထိုက် အလျောက်ရရှိကာ စီးပွားရေး အဆင်ပြေလျက်ရှိသည်။
ကမ်းနီးငါးဖမ်းလှေများမှဖမ်းယူရရှိသည့် ပင်လယ်ငါးတစ်မျိုးဖြစ်သည့် ဒေသအခေါ် အရိုးစိမ်းငါး ခြောက်တစ်ပိသာလျှင် ပေါက်ဈေး ကျပ် တစ်သောင်းငါးထောင်ကျော်ခန့်ရှိပြီး ပိုမိုကောင်းမွန် သည့် ဇလုံးငါးခြောက် တစ်ပိသာလျှင် နှစ်သောင်းကျပ်ကျော်အထိ ရောင်းချရကြောင်း၊ ရောင်းချသူများအနေဖြင့်လည်း ငါးအစိုရောင်းချရာတွင် ရက်ကြာပါက ပုပ်သိုးဆုံးရှုံးမှု များကြုံ ရပြီး ငါးခြောက် မှာ တာရှည်အထားခံ ရောင်းချနိုင်သဖြင့် ဆုံးရှုံးမှုနည်းပါးကာ ငါးအစိုထက် ငါးခြောက်က ရက်ကြာစွာ ထားရှိစားသုံးနိုင်သဖြင့် အခြေခံ လူတန်းစား မိသားစုများ အတွက်လည်း ပိုမိုအဆင်ပြေ ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)