ကျုံပျော် နိုဝင်ဘာ ၃၀
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စတုတ္ထ အကြိမ် မြောက် စုပေါင်းလှူဒါန်းခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက် အုပ်ချုပ်ရေး မှုးရုံး၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခု ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားသည့်ကာလ ကြာမြင့်လာသည့်အတွက် ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အခက်အခဲ ဖြစ်လာ သောကြောင့် ရပ်ကွက်အတွင်းရှိ အလှူရှင်များ စုပေါင်းကာ ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ လှူဒါန်းသည့် ပစ္စည်းများမှာ အခြေခံစားသောက် ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီ စသည်ပစ္စည်းများဖြစ်ပြီး၊ အိမ်ထောင်စု (၆၀)ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယခုလှူဒါန်းမှုသည် စတုတ္ထအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်တွင် အိမ်ထောင်စု (၃၀) ၊ ဒုတိယအကြိမ်တွင် အိမ်ထောင်စု (၉၀) ၊ တတိယ အကြိမ်တွင် အိမ်ထောင်စု (၁၅၀) နှင့် ယခု စတုတ္ထ အကြိမ်တွင် အိမ်ထောင်စု (၆၀) တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)