ရွှေကူမြို့နယ်၌ ၁၂ ဘီး ငှက်ပျောတင်ယာဉ် (၂) စီးမှ ယာဉ်မောင်း (၂) ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ရွှေကူ  နိုဝင်ဘာ  ၃၀

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိ လာသည့် ကုန်တင် ယာဉ်(၅၀) စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၉၁)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျော တင်ယာဉ်(၂)စီးမှ ယာဉ်မောင်း ပုခုက္ကူမြို့ အမှတ်(၁၁) ရပ်ကွက်နေထိုင်သော အမျိုးသား(၁)ဦး နှင့် ကောလင်းမြို့ ကျော်ဇေယျာ (၁) ရပ်ကွက်နေသူ ယာဉ်မောင်း အမျိုးသား (၁) ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်း(၂)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်ခန်း (ယာယီဆေးကုသဆောင်)သို့  ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ၎င်းပိုး တွေ့လူနာ(၂)ဦးနှင့်အတူ ဆက်စပ်မှုရှိသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၄)ဦးအား ရွှေကူမြို့  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ(၂၉)ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း(၂၀)ဦး ရှိပြီ ဖြစ်ကြောင်း၊ (၁၀)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့ သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ် ကြောင်း မြို့နယ် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)