မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ စတင်၍ ပိုးတွေ့လူနာစုစုပေါင်း(၃၃)ဦး ရှိသည့်အနက် ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရသူ(၃၂)ဦးရှိပြီဖြစ်

မူဆယ် နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါစတင်ဖြစ်ပွားချိန်မှ စတင်၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၃၃) ဦးရှိရာ ယမန်နေ့တွင် လူနာ(၃)ဦးဆေးရုံမှ ထပ်မံဆင်းခွင့်ရသည့်အတွက် မူဆယ်မြို့၌ ပိုးတွေ့လူနာများအနက် ရောဂါပျောက်ကင်း ပြီး ဆေးရုံဆင်းသူ စုစုပေါင်း(၃၂)ဦးရှိနေပြီဖြစ်ကြောင်း မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။

လက်ရှိတွင် မူဆယ်မြို့၌ အသက်(၁၉)နှစ်အရွယ်ရှိ ပိုးတွေ့လူနာအမျိုးသမီးတစ်ဦးအား မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“မူဆယ်မြို့မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာဟာ ရောဂါစတင်ဖြစ်ပွားတဲ့အချိန်ကနေ ယနေ့ချိန်အထိ စုစုပေါင်း(၃၃) ယောက်ရှိ ပါတယ်၊ အခုဆေးရုံမှာ အမျိုးသမီးတစ်ယောက်ပဲ ဆေးကုသမှုခံယူနေပါတယ်၊ အခုဆေးကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာဟာ မူဆယ် ခရိုင်၊ တာမိုးညဲမြို့ကနေ မူဆယ်မြို့ကို လာရောက်ပြီး သံလွင်(၁)လမ်းမှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ တည်းနေရင်း ဆေးစစ်တဲ့ အချိန်မှာ ရောဂါတွေ့ရှိခဲ့တာပါ၊ လက်ရှိဆေးကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာအမျိုးသမီးဟာလည်း ကျန်းမာရေး ကောင်းမွန်ပြီး အားလုံးအဆင်ပြေ နေတယ်ပေါ့နော်” ဟု မူဆယ်မြို့၊ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာအား ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းကို ပြောကြားသည်။

မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်းနှင့် တရုတ်စာသင်ကျောင်းတို့တွင်  ဖွင့်လှစ်ထားသော စောင့်ကြည့် လူနာဆောင်ရှိ နေရပ်ပြန် ပြည်သူများသည်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။

မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်းရှိ စောင့်ကြည့်လူနာဆောင်သို့ ပြန်လည်ရောက်ရှိ လာသော နေရပ်ပြန် ပြည်သူ စုစုပေါင်း(၅၇)ဦးကို မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံ၌ ယနေ့၊ နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းအချိန်ခန့်က ရောဂါပိုး ကူးစက်ခံရ မှုရှိ/မရှိ သိရှိနိုင်ရန် အတွက် တို့ဖတ်နမူနာများစစ်ဆေးလျက်ရှိသည်။

“မူဆယ်မြို့ရဲ့ ပိုးတွေ့လူနာအားလုံးကို မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီးက တာဝန်ခံပြီးတော့ မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံမှာ ကျန်းမာရေး ဝန်ထမ်းတွေက စနစ်တစ်ကျကုသပေးပါတယ်၊ ပိုးတွေ့လူနာတွေ ဆေးရုံဆင်းခွင့်ရတာနဲ့ ပတ်သက်ပြီးတော့ မူဆယ်မြို့အတွက် ရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ မူဆယ်မြို့၊ ကျန်းမာရေးဌာနက ဆရာဝန်ကြီးနှင့်တစ်ကွ ကျန်းမာရေး ဝန်ထမ်း တွေကို အထူးကျေးဇူးတင်ရှိပါတယ်၊ လူနာတွေဟာ အန္တရာယ်တစ်ဦး တစ်ယောက်မှ မရှိတဲ့အတွက် မူဆယ်မြို့က အခုချိန်ထိတော့ အကောင်းဆုံးအခြေအနေပါပဲလို့ ဆိုနိုင်ပါတယ်” ဟု မူဆယ်မြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီမှ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

မူဆယ်မြို့၊ ရောဂါပျောက်ကင်းသူ(၃၂)ဦးထဲ၌ ပိုးတွေ့လူနာအများစုသည် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များဖြစ်ပြီး မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်း(၄)ဦးနှင့် မူဆယ်မြို့နယ်၊ ဒေသခံစုစုပေါင်း(၆)ဦးတို့လည်း ပါဝင်သည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်းကြောင့် (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလမှ နှစ်ဦးပိုင်းက စတင်၍ ယနေ့ချိန်အထိ တရုတ်နိုင်ငံဘက်မှ မူဆယ်မြို့သို့ နေရပ်ပြန်ပြည်သူများနေ့စဉ် ဝင်ရောက်လာလျက်ရှိသည်။  

ယခုအချိန်၌ ပျမ်းမျှအားဖြင့် တစ်လလျှင် နေရပ်ပြန်ပြည်သူစုစုပေါင်း(၁)ထောင်ဝန်းကျင်ခန့် ပုံမှန်ဝင်ရောက်လာပြီး ပြန်လည်ရောက်ရှိ လာကြသည့် နေရပ်ပြန်ပြည်သူများကို မူဆယ်မြို့၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ စနစ်တစ်ကျ လက်ခံသည်။ နေရပ်ပြန်ပြည်သူများကို စောင့်ကြည့် လူနာဆောင်၌ ယာယီထားရှိပြီး ရောဂါကူးစက်ခံမှုရှိ/မရှိ စစ်ဆေး၍ ရောဂါကူးစက်မှုမရှိပါက တိုင်း/ပြည်နယ်အလိုက် နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသည်။ ရောဂါပိုးတွေ့ရှိပါက မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံ၌ ဆေးကုမှုခံယူပေးလျက်ရှိသည်။

အလားတူ မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကိုလည်း ရောဂါကူးစက်မှုရှိ/မရှိစစ်ဆေးပြီး ရောဂါကင်းရှင်းမှသာလျှင် မူဆယ်မြို့သို့ ဝင်ရောက်ခွင့်ပြု၍ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိပါက မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံ၌ ဆေးကုပေးသည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မူဆယ်ခရိုင်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် အလှူရှင်များ ဝိုင်းဝန်းပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလမှ စတင်၍ ယနေ့၊ နိုဝင်ဘာလအထိ (၁၁)လကြာ အရှိန်အဟုန်မပျက် ဆောင်ရွက်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)