ကျိုင်းလပ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာရပ်ကွက် ၃ အုပ်စု၌ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ပူးပေါင်းစစ်ရေးဂိတ်များ ဖွင့်လှစ်ကာ မြို့တွင်း ဝင်/ထွက် သွားလာသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ထားခြင်းမရှိပါက Mask များပေးအပ်ကာ မဖြစ်မနေ တပ်ဆင်ရန်နှင့် ကူးစက်ရောဂါပြန့်ပွားမှု အခြေအနေအား အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုသည် တာချီလိတ်မြို့နယ်တွင် ရောဂါကူးစက်ခံရသူ နေ့စဉ်အမျှ မြင့်တက်လျက်ရှိရာ ရောဂါကူးစက်မှုများ မဖြစ်ပွားလာစေရန်နှင့် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က ရပ်ကွက်/ ကျေးရွာအလိုက် ရွာအဝင်လမ်းများအား Lock Down ပြုလုပ်ခြင်း၊ ရောဂါဖြစ်ပွားမှု မြင့်တက်နေဆဲ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု မရှိဘဲ ဂရုပြုနေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများကို အလေးထား လိုက်နာကြရန် ကျေးရွာ/ ရပ်ကွက်အလိုက် အသံချဲ့စက်များဖြင့် ဆော်ဩခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)