မြစ်ကြီးနားမြို့၌ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြစ်ကြီးနား  ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေး မြှင့်တင်ရေးနှင့်နှာခေါင်စည်း (Mask) မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ပမ္မတီးရပ်ကွက်ရှိ မြစ်ကြီးနားမြို့ အဝင်မုဒ်ဦးနှင့် ဗလမင်းထင်တံတားတို့တွင် လူတိုင်း မိမိအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာရေး အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရန်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လူအများ သွားလာဖြတ်သန်းမှုများပြားသည့် မြစ်ကြီးနားမြို့ မြို့အဝင်မုဒ်ဦးရှေ့နှင့် ဗလမင်းထင် တံတားထိပ်တို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းနှင့် နှာခေါင်းစည်းများ နေအိမ်ပြင်ပ သို့ထွက်ခွာပါက မဖြစ်မနေတပ်ဆင်ရေးအသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

စိန်ဝင်း(ပြန်/ဆက်)