ပုသိမ် ဒီဇင်ဘာ ၁
ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မကော်မတီဝင်များ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်း သွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား ခရီးစတင်ထွက်လာသည့်ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းရယူခြင်း၊ ခရီးသွားထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်းတို့အပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း၊ ဆိုင်ကယ်ဖြင့် ခရီးသွား ပြည်သူများအား ဆိုင်ကယ် ဦးထုတ် ဆောင်းရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၊ စျေးများတွင်လည်း ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း၊ စနစ်တကျ တပ်ဆင်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ပညာပေးပြောပြခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်များဖြင့် နေစဉ် နံနက်/ညနေ ကြေညာပေးခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)