ခိုင်ကမ်း ဒီဇင်ဘာ ၁
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၈ ဦးကို Test Kit ဖြင့် စစ်ဆေးရာတွင် ကလေးမှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများ ပို့ဆောင်မောင်းနှင်မည့် ယာဉ်မောင်းနှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိသူ ယာဉ်မောင်းနှစ်ဉီးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်ဒိုင်းကြီး ကျေးရွာတွင် နေထိုင်သူအသက် ၃၁ နှစ်အရွယ်ရှိသူနှင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဗန်းသဲ့ကျေးရွာနေ အသက် (၂၄) နှစ်အရွယ်ရှိ အမျိုးသားနှစ်ဉီးဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်ဒိုင်းကြီးကျေးရွာမှ ပိုးတွေ့ရှိသူယာဉ်မောင်းကို ကလေးမြို့ ကိုဗစ်-၁၉ရောဂါ ကုသရေးဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး၊ တီးတိန်မြို့နယ် ဗန်းသဲ့ကျေးရွာနေ ပိုးတွေ့ရှိသူ ယာဉ်မောင်းအား တီးတိန်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ကမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မှ စတင်ကာ ချင်းပြည်နယ်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းအထိစစ်ဆေးပြီး (၂၆၅၂) ဦးရှိကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း( ၁၃) ဦးအထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)