ကယားပြည်နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များအတွက် ငါးသားပေါက်များ အခမဲ့ပေးအပ်ပွဲ လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော်    ဇန်နဝါရီ     ၃

ကယားပြည်နယ်အတွင်းရှိ ရေးကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များအတွက် ငါးသားပေါက်များ အခမဲ့ပေးအပ်ပွဲအခမ်းအနားကို ယ‌မန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရာသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က “၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုင်ဖုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ငါးလုပ်ငန်းဦးစီးဌာနပိုင် မှုံပြာသားပေါက် စခန်း၊ လွိုင်ကော်မြို့နယ် သတ္တပလူနှင့် မှုံပြာကျေးရွာများရှိ ငါးမွေးကန် (၅၁.၁၄)ဧကအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ငါးသားပေါက်များကို အခမဲ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဤသို့ ပေးအပ်ခြင်းသည် ငါးမွေးတောင်သူများ၏လုပ်ငန်းများ ပြန်လည်လည်ပတ်ပြီး လူမှုစီးပွားဘဝ မြှင့်တက်လာစေရန်၊ ငါးသားပေါက်လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိစေရန်၊ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံမှုရရှိလာစေရန်ဖြစ်ကြောင်း၊  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ငါးမွေးတောင်သူအစုအဖွဲ့များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၃၀၁)သန်းအား ပေးအပ်ထားပြီး ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိနေပါကြောင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် အတွက် ဒေသခံပြည်သူများက ပြည်နယ်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲပြီး မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရန် ကျရာကဏ္ဍမှတတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းသန်းလွင်က ငါးမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အကျဉ်းဦးစီးဌာန၊ သတ္တပလူနှင့် မှုံပြာကျေးရွာ များရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များအခမဲ့ ပေးအပ်ခဲ့ကြသည်။

၎င်းနောက် ငါးမွေးတောင်သူများကိုယ်စား တောင်သူဦးနေဆန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာကြသည့် ငါးမွေးတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)