လွိုင်ကော် ဇန်နဝါရီ ၃
ကယားပြည်နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ပညာရေးမှူးရုံး ပညာဗိမာန်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရာသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပညာဗိမာန်ခန်းမသို့ရောက်ရှိရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုခဲ့ကြပြီး လွိုင်ကော်မြို့၊ လောဓမ္မ-အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က “ပညာရေးစုံညီပွဲတော်သည် ပညာရေးမြှင့်တင်မှုအစီအစဉ်အရပေါ်ထွန်းလာသည့် သမိုင်းဝင်ပညာရေးမှတ်တိုင် တစ်ခုဖြစ်ပြီး ကျောင်းသားလူငယ်များအပါအဝင် ပညာရေးနှင့်သက်ဆိုင်သူအားလုံး၏ ပွဲတော်ဖြစ်ကြောင်း နိုင်ငံ၏ပညာရေးကို ဦးစားပေးရင်းနှီးမြုပ်နှံ၍ လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေး မဟာဗျူဟာချမှတ်ဆောင်ရွက်ခြင်းသည် နိုင်ငံတစ်နိုင်ငံအောင်မြင်ကြီးပွားခြင်း၏ အကြောင်းအချက်တစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရကလည်း ပြည်နယ်၏ ပညာရေးကဏ္ဍနိမ့်ကျကျန်ရစ်မှုမရှိစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ ဆရာ၊ ဆရာများ ကျောင်းသား၊ ကျောင်းသူများကလည်း ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေး ကဏ္ဍခိုင်ခံမြှင့်မားအောင် တာဝန်ယူဆောင်ရွက်ပေးကြပါ၊ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးဒေါ်တင်တင်အေးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆုချီးမြှင့်ခြင်း ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) အခြေခံပညာအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိကြသူများ၊ ပြည်နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ပထမဆုရရှိသူများနှင့် ယခုပွဲတော်တွင် ပါဝင်ခဲ့ကြသည့် ကျောင်းအသီးသီးမှ ဖျော်ဖြေရေးအဖွဲ့(၁၃)ဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အဆင့် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ပထမဆုရရှိသူများ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်၊ အခြေခံပညာအထက်တန်း ၊ အလယ်တန်း နှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူအသီးသီးသို့ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ကျောင်းအလိုက်ခင်းကျင်းပြသထားသည့် ချည်ထိုးပန်းထိုးစသည့် လက်မှုအနုပညာလက်ရာများ၊ ကိုယ်တိုင်ရေးနှင့်ပြိုင်ပွဲဝင် ပန်းချီလက်ရာများ၊ သင်ရိုးညွှန်းတမ်းပါပြကွက်များ၊ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများ၏ မှတ်တမ်းဓါတ်ပုံများနှင့် ပုံစံငယ်ပြကွက်များ ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကာ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)