ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃)ဦးထပ်မံတွေ့ရှိ

ဒေးဒရဲ  ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ များအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ နိုဝင်ဘာလ ၂၈ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများနှင့်ထိတွေ့ခဲ့သူ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန (NHL)မှ အဖြေထွက်ရန် ကျန်ရှိသည့် (၅)ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၃) ဦး ထပ်မံပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား ဒေးဒရဲမြို့ရှိ ယာယီကုသရေး ဆေးရုံများဖြစ်သည့် အ.ထ.က (၃)  (ယာယီဆေးရုံ) တွင်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဒေးဒရဲမြို့နယ်တွင် ယာယီဆေးရုံ (၃) ခု၊ စောင့်ကြည့်ရေးစခန်း (၂၅) ခုရှိပြီး ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၂၇၀) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၁၉၇)ဦး၊ ဆေးကုသမှု ခံယူနေသူ(၇၃)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)