မံစီ ဒီဇင်ဘာ ၁
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဆိုင်ဝမ်ကထောင်ကျေးရွာ၌ တပ်ဆင်ဆောင်ရွက်ထားသည့် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး တန်ပို စစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) တွင် လမ်းမကြီးပေါ် သတ်မှတ်ကုန်တင် တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်းနင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို နိုဝင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး မြို့နယ်လမ်းဦးစီးဌာနမှ လမ်းမကြီးများဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
လုပ်ငန်းများ ဆောင်ရွက်ရာသို့ ယနေ့နံနက် ၉ နာရီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကို၊ ခရိုင်လမ်းဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးခိုင်ထွန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် တာဝန်ရှိသူများလာရောက် ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
လမ်းမကြီးများဥပဒေ အခန်း (၅) ပြစ်မှုနှင့် ပြစ်ဒဏ် ပုဒ်မ(၈) ပုဒ်မခွဲ(ခ)အရ အရေးယူ ဆောင်ရွက်လျက်ရှိနေပြီး ထောင်ဒဏ်(၆)လအထိဖြစ်စေ ငွေဒဏ် (အနည်းဆုံးကျပ် ငါးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ) ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ တန်ပိုယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုရန်အတွက် ပညာပေးကာလအဖြစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ အသိပညာပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် တန်ပိုစစ်ဆေးရေးကတ္တားဂိတ် (Weight Bridge) ကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် (၇၉ ဒသမ ၆၀၀) သန်းဖြင့် စက်တင်ဘာ ၉ ရက်နေ့က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)