လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆန်ဈေးအနည်းငယ်မြင့်တက်

မန္တလေး ဒီဇင်ဘာလ ၁

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆန်ဈေးများ အနည်းငယ်မြင့်တက်နေကြောင်း မန္တလေး ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

"ပြည်တွင်းမှာ အများဆုံးစားတာကတော့ ပိုက်ဆံရှိအသိုင်းဝိုင်းကတော့ ဧရာမင်း၊ မဂျမ်းတော၊ ရွှေဘိုဘေးကျားတို့ စားကြတာပေါ့။ ဒါပေမယ့် အဲဆန်တွေက အခုလောလောဆယ် ၂ ထောင် လောက်တက်သွားတယ်။ တစ်လခွဲ နှစ်လအတွင်းမှာ စားသုံးမှုနည်းပြီး ဈေးတက်တာက သွားရေးလာရေးအခက်အခဲကြောင့် တင်ပို့ဖို့ ခက်ခဲတာရယ် ထွက်အားလျော့ပြီး ပစ္စည်း အင်အားက နည်းသွားတဲ့အတွက်လည်းပါတာပေါ့။ လက်ရှိ လူတွေက များသောအားဖြင့် စားနေ တာကတော့ ဆန်အလတ်တန်းစား ဧရာဝတီတိုင်း၊ ပဲခူးတိုင်းက စားတဲ့မနောသုခတို့ ဖန်သီး သုခတို့ သီးထပ်ယာဉ်တို့ မတ္တရာဘက်က ထွက်တဲ့ ရွှေပြည်သုခတို့ ဖန်သီးသုခတို့ အစားများ နေကြပါတယ်။ " ဟု မန္တလေးဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောသည်။

လက်ရှိ နိုဝင်ဘာလအတွင်း ဆန်ဈေးကွက်မှာ ဧရာမင်း တစ်အိတ်လျှင် ယခင်က ၅၃၀၀၀ ကျပ်ရှိရာမှ ယခုအခါ ၅၅၀၀၀ ကျပ်ထိ မြင့်တက်သွားကြောင်း၊ ရွှေဘိုဘေးကျား တစ်အိတ်လျှင် ယခင် ၅၃၀၀၀ ကျပ်မှ ၅၄၀၀၀ ကျပ်ဝန်းကျင်ရှိရာမှ ယခုအခါ ၅၆၀၀၀ ကျပ်မှ ၅၇၀၀၀ ကျပ် ဝန်းကျင်ထိ မြင့်တက်သွားကြောင်း၊ အရှေ့တော မဂျမ်းတော တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်မှ ၅၃၀၀၀ ကျပ် ဝန်းကျင်ရှိရာမှ ယခုအခါ ၅၆၀၀၀ ကျပ်ထိ မြင့်တက်သွားကြောင်း၊ စဉ့်ကိုင်ဘက်မှ ထွက်ရှိသော ဧရာပဒေသာ တစ်အိတ်လျှင် ယခင် ၄၈၀၀၀ ကျပ်ဝန်းကျင်ရှိရာမှ ယခုအခါ ၅၀၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်လာကြောင်း ဆန်ကုန်စည်ဒိုင်မှ သိရသည်။

" ဒီနှစ်စိုက်ပျိုးတဲ့ အခြေနေက မိုးစပါးကောင်းကောင်းမရဘူး။ မန္တလေးကတော့ အားပြုရတာက ရွှေဘို စစ်ကိုင်းတိုင်းပေါ့။ ဒီနှစ်အဲဘက်က ဆန်ထွက်လျော့တဲ့အတွက် အဲဘက်ကို အောက်ပြည်က ဆန်တွေ သွင်းနေရပါတယ်။ ဆန်အထွက်နှုန်းကတော့ တစ်တိုင်းပြည်လုံး အားနဲ့တော့ လျော့ကြတာပေါ့။ အဆိုးဆုံးကတော့ စစ်ကိုင်းတိုင်းက ပိုဆိုးသွားတယ်။ ရာသီ ဥတုကြောင့် အထွက်နှုန်းလျော့တာပါ။ နောက်နှစ်အကျိုးသက်ရောက်မှုဆိုတာက ဒီရောဂါတွေ ဒီလိုဖြစ်နေတဲ့အတွက် အကျိုးသက်ရောက်မှုက အဲဆန်တွေက မှန်းလို့မရဘူး။ ဆန်ကတော့ အထွက်မရှိတဲ့အတွက် စစ်သွားပြီလေ။ စစ်သွားပေမယ့် အစားနည်းနေတယ်။ လူတွေက အဲဆန်တွေကို သိပ်မစားနိုင်ဘဲ နိမ့်တဲ့ဆန်တွေကို စားနေရတဲ့အတွက် ပြောလို့မရသေးဘူး။ အကျိုးသက်ရောက်မှုက ရှိချင်မှ ရှိမှာပါ။ " ဟု ဆက်ပြောသည်။

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ပြည်သူတွေ ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်စေရန် နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်အဖြစ် စုဆောင်းထားသော ဧည့်မထဆန်ကို တစ်ပြည်ကို တစ်ထောင်ကျပ်နှုန်း ရောင်းချပေးနေရာ ဝယ်ယူသူများ လည်းများပြားကြောင်း သိရသည်။

ထိပ်ထားနိုင်