ကျိုင်းလပ်မြို့မှ မိုင်းဆတ်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ရာမှ ပြန်လည် ရောက်ရှိလာသူများအား Quarantine နှင့် Home Quarantine ထားရှိ


ကျိုင်းလပ်    ဒီဇင်ဘာ   ၁


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျိုးကျေးရွာအုပ်စု နမ့်ဖြန့်ကျေးရွာမှ မိုင်းဆတ်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ရာနေရာမှ ပြန်လည်ရောက်ရှိလာသည့် သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက နမ့်ဖြန့်ကျေးရွာတွင် Quarantine နှင့် Home Quarantine ထားရှိခဲ့ကြောင်း သိရသည်။


မိုင်းဆတ်ခရိုင်၊ မိုင်းကျွတ်ဂူသို့ အဆောက်အဦးဆောက်လုပ်ရန် နိုဝင်ဘာလ ၂၂ ရက်နေ့မှ သွားရောက်ခဲ့ပြီး မိုင်းကျွတ်ဂူတွင် ကိုဗစ်-၁၉ (Positive) အတည်ပြုလူနာ ၁ ဦး တွေ့ရှိ၍ နေရပ်သို့ ပြန်လည်ရောက်ရှိလာသော နမ့်ဖြန့်ကျေးရွာနေ ကျား (၃)ဦး၊ မ (၃)ဦးနှင့် လမ်းကြုံလိုက်ပါလာသည့် ကျား (၄)ဦး၊ စုစုပေါင်း (၁၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ကိုယ်ပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များ မေးမြန်းကာ နမ့်ဖြန့်ကျေးရွာတွင် Quarantine ထားရှိ၍ အသွားအလာကန့်သတ်ထားကြောင်း သိရသည်။


အဆိုပါ Quarantine ထားရှိသူများတွင် ဒေါ်အီအဲန်၊ အသက် (၃၄)နှစ်နှင့် ကလေးငယ် (၃)ဦး အား နမ့်ဖြန့်ကျေးရွာ နေအိမ်တွင် Home Quarantine ထားရှိပြီး၊ ကျန် (၆)ဦးအား နမ့်ဖြန့် (အ.မ.က)ကျောင်းတွင် Quarantine ထားရှိကာ အသွားအလာကန့်သတ်၍ ရောဂါကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးသွား မည်ဖြစ်သည်။


ကျော်ဇေယျာလင်း (ပြန်/ဆက်)