ကျောက်ဆည် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုအစီအစဉ်ဖြင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ အသက် (၁၀) နှစ်အောက် ကလေးငယ်များအား အဟာရနို့တိုက်ကျွေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ ရွှေလှံတောင်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ယနေ့ (၁) ရက်မွန်းလွဲ (၁) နာရီအချိန်ကခရိုင်အမျိုးသမီးကော်မတီ ဒေါ်သွဲ့ဝေလွင် ဦးဆောင်မှုဖြင့် အသက်(၁၀)အောက် ကလေးငယ် များအား အဟာရနို့တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေလှံတောင်ပရဟိတစာသင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသီဟ ထံသို့ ခရိုင်အမျိုးသမီး ရေးရာ ကော်မတီဝင်များနှင့် မြို့နယ်အမျိုးသမီးကော်မတီဝင်များက လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက် အတွင်းရှိ အသက်(၁၀) နှစ်အောက် ကလေးငယ်(၃၀)ဦးအား ကျန်းမာရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်း အကြောင်း များကို ရှင်းလင်းပြောကြားခဲ့ကာ အဟာရနို့များတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် အဟာရနို့တိုက်ကျွေးခြင်းများကို အောက်တိုဘာလမှ စတင်ကာ ရက်သတ္တပတ် (၁)ပတ်တွင် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် အဟာရနို့များ တိုက်ကျွေးလျက်ရှိရာ ယခုတိုက်ကျွေးခြင်းသည် (၁၆) ကြိမ်မြောက် တိုက်ကျွေးခြင်း ဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)