ထားဝယ် ဒီဇင်ဘာလ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ဝဲကျွန်းမြို့သစ်(၁၁)လမ်းသွယ် ၊ (ဎ) ရပ်ကွက်တွင် ယမန်နေ့မွန်းလွဲ (၁) နာရီ ၃၅ မိနစ်အချိန်ခန့်က လင်မယားချင်းစကားများပြီး နေအိမ်အား ထင်းမီးစဖြင့် အမိုးပေါ်ပစ်ခဲ့ရာ အမိုးများမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် (ဎ)ရပ်ကွက်နေ ၊ အိမ်ပိုင်ရှင်ဦးထွန်းရီ၏ နေအိမ်တွင်သားမက်ဖြစ်သူ ဦးသက်နိုင်က လင်မယားချင်းစကားများပြီး နေအိမ်အားထင်းမီးစဖြင့် အမိုးပေါ်ပစ်ခဲ့ရာမှ ဓနိမိုးအားမီးကူးစက် လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းရာသို့ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းမျိုးဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးနှင့် မီးငြိမ်းသတ် ယာဉ်(၂)စီး ၊ ရေသယ်ယာဉ်(၂)စီးနှင့်အတူ ရပ်ကွက်သူ/ရပ်ကွက်သားများတို့က ဝိုင်းဝန်း ငြိမ်းသတ်ရာ မွန်းလွဲ (၁) နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် (အလျား ၁၅၊ အနံ ၂၀) ပေ၊ ဓနိမိုး၊ ထရံကာ၊ ကြမ်းခင်း၊ ခြေတံရှည် (၁) ထပ် နေအိမ်၊ အမိုးများမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင်၏သားမက်ဖြစ်သူ ဦးသက်နိုင်အား ထားဝယ်မြို့မရဲစခန်း က အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)