ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မိုးညှင်း ဒီဇင်ဘာ ၁

မိုးညှင်းမြို့နယ် ဒေသခံများဦးစီးသော မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေးကော်မတီ၏ ဦးဆောင် စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အခြားမိတ်ဖက် အဖွဲ့အစည်းများပူးပေါင်း၍ ယနေ့ကျရောက်သည့် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (WORLD AIDS DAY) အထိမ်းအမှတ်အဖြစ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို မြို့လယ်သံတံတားပေါ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ် ခဲ့ကြသည်။

အဆိုပါလှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်၍ မိုးညှင်းမြို့ဒေသခံများ ဦးစီးသော မူးယစ်ဆေးဝါး အန္တရာယ် လျှော့ချရေး ကော်မတီဥက္ကဋ္ဌ ဦးဂျွန်အောင်ဇော်လတ်က “အခုကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလမှာလည်း HIV ပိုးကူးစက်မှုလျော့ကျ မသွား တာကို သတိပြုမိစေရန်၊ ရောဂါဖြစ်ပွားနေသူတွေကို ကိုယ်ချင်းစာတရား ထားရှိစေဖို့နဲ့ HIV ပိုးကူးစက်မှုကို ပြည်သူလူထုအတွင်း သတိထားဆင်ခြင်နိုင် စေရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားသည်။

ယနေ့ကျင်းပခဲ့သည့် WORLD AIDS DAY အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့လယ်သံတံတားပေါ် ဖြတ်သန်းသွားလာ ခဲ့ကြသူများကို အထိမ်းအမှတ်နေ့ သင်္ကေတ အနီရောင် ဖဲကြိုးများ တပ်ဆင်ပေးခြင်းများအပြင် နှားခေါင်းစည်း၊ ဆပ်ပြာ၊ အသိပညာပေး လက်ကမ်းစာစောင် စသည့် ပစ္စည်းများ ထည့်ထားသည့် အိတ်ပေါင်း ၁၀၀၀ ကျော်ကိုလည်း ဖြတ်သန်းသွားလာသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

မိုးညှင်းတစ်မြို့နယ်လုံးတွင် HIV ပိုးရှိသူများအတွက် တိုက်ကျွေးရသည့် ART ဆေးစင်တာ (၅) ခုရှိပြီး ဆေးစားသုံးသူဦးရေပေါင်း ၂၅၀၀ ခန့်ရှိကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးထံမှ သိရသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)