ပြင်ဦးလွင် ဒီဇင်ဘာ ၁
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၂) တွင် ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့လူနာတစ်ဦးနှင့် ရပ်ကွက်ကြီး (၁၀) ရှိ ပိုးတွေ့လူနာအမျိုးသား (သေဆုံး) ၏ မိသားစုများထဲမှ (၁၂) နှစ်အရွယ် (မြေး) အမျိုးသမီးငယ်တွင် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ဆေးချက်အရ ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့ ရှိကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရပ်ကွက်ကြီး(၂)မှ အဆိုပါအမျိုးသားသည် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်ရှိ အဒေါ်အိမ်သို့ ညအိပ်သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့တွင် ပြင်ဦးလွင်သို့ ပြန်လည် ရောက်ရှိခဲ့ရာ အဒေါ်ဖြစ်သူမှာ အနံ့ပျောက်ခြင်းစတင်ခံစားရသဖြင့် နိုဝင်ဘာ ၂၈ ရက်တွင် စစ်ဆေးခဲ့ရာ ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့အဖြေ ထွက်ရှိခဲ့ပြီးနောက် အသက် (၂၅) အရွယ် အမျိုးသားသည် အနံ့ပျောက် လက္ခဏာစတင်ခံစားရသဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဇီးပင်ကြီး (Quarantine Centre) သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် ကိုဗစ် − ၁၉ ရောဂါ ပိုးတွေ့အဖြေထွက်ရှိခဲ့ပါသည်။
အဆိုပါအမျိုးသားနှင့် ဆက်စပ်ထိတွေ့ခဲ့သူများအား ဇီးပင်ကြီး (Quarantine Centre) သို့ ပို့ဆောင်စစ်ဆေးရန် စီစဉ်လျက်ရှိပြီး ထိုသူအားလုံး၏ နေအိမ်တွင် နေထိုင်သူများကို Home Quarantine အသွားအလာ ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြတ်ဆုမွန်