ကျောက်မဲ ဒီဇင်ဘာ ၁
ကျောက်မဲခရိုင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအနေဖြင့် (COVID-19) ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တားဆီးကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ယခုဆောင်ရွက်နေသော အနေအထားထက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်မဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု တစ်နေ့တခြား တိုးတက်မြင့်မားလာသည်ကိုတွေ့မြင်နေရခြင်းကြောင့် ကျောက်မဲခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါ ရောဂါအဖြစ်များသည့် ဒေသမှ ပြန်လာသည့်သူများသည် သတင်းပို့၍ ဝင်ရောက်လာသူများသကဲ့သို့ ပုံစံမျိုးစုံဖြင့် ခိုးဝင်နေများရှိနေကြောင်း သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါရောဂါအဖြစ်များသည့် ဒေသမှ ပြန်လာသူများကို Quarantine Center တွင် အချိန်မီ ထားရှိနိုင်မှသာ ကိုဗစ်၁၉ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၊ ပုံစံမျိုးစုံ ခိုးဝင်မှုများ မရှိစေရေးအတွက် နောင်ချိုမြို့နယ်ရှိ ခြေမြစ်ပင်စစ်ဆေးရေးဂိတ်၊ ကျောက်မဲမြို့နယ် ၊ ခိုမုန်းကျေးရွာရှိ ကုန်တင်ကားကြီးများ စစ်ဆေးသည့်စစ်ဆေးရေးဂိတ်နှင့် မြို့အဝင်ကျန်းမာရေး စစ်ဆေး ဂိတ်များကို ခရိုင်အဆင့် ဌာနဆိုင်ရာများမှ သတ်မှတ်ထားသည့် တာဝန်ကျရက်များအတိုင်း ကွင်းဆင်း ကြီးကြပ်ရန် ကိစ္စများ၊ မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများ၏ တာဝန်ထမ်းဆောင်နေမှု အခြေအနေများ၊ ဈေးများနှင့် လူသွားလူလာများသည့် နေရာများတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် လိုက်နာမှု ရှိစေရန် အသိပညာပေးခြင်း၊ နိုးဆော်ခြင်း၊ Mask တပ်ဆင်မှုမရှိသူများကို အရေးယူခြင်းများ ဆောင်ရွက်ရန်ကိစ္စများကို Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနာယက ဦးမျိုးကျော်က ဆွေးနွေးခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူးများက ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပတ်သက်၍ မြို့နယ် အလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကာ အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် အခြားတိုင်းနှင့်ပြည်နယ်မှ ပြန်လာသူများအားလုံးအပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် နမ့်ဆန်မြို့နယ်မှ လာသူအားလုံးကို သတ်မှတ် Quarantine Center တွင်ထားရှိ၍ အသွားအလာကန့်သတ်ထားရှိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)