ညောင်ရွှေ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ် ထိန်းချုပ်ရေးအတွက် ယနေ့ နံနက်ပိုင်းမှစတင်ပြီး ညောင်ရွှေမြို့အတွင်းသို့ အဓိကဝင်ရောက်နိုင်သည့် နေရာများဖြစ်သော မြို့အဝင်(ရွှေညောင်-ညောင်ရွှေလမ်းပေါ်ရှိ မဟာဗောဓိမြို့ဦးစေတီတော်အနီး)၊ မြို့အ ဝင်(အေးသာယာ-ညောင်ရွှေလမ်းပေါ်ရှိ မိုးကုတ်ဝိပဿနာ တရားစခန်းအနီး)၊ ပေါင်းပိုင်းလမ်းဆုံ (တောင်လေးလုံး-ခေါင်တိုင်လမ်းရှိ လမ်းဆုံ) နေရာတို့တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကို ကိုယ်အပူချိန်တိုင်းတာ၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ခရီးသွားရာဇဝင်စီစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများပါဝင် သော ပူးပေါင်း အဖွဲ့များ ဖြင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါစိစစ်ရေးဂိတ်များကို ယခင်က ထားရှိခဲ့ပြီး အေးသာယာ အဝင်လမ်းဂိတ်နှင့် ရွှေညောင်အဝင်လမ်းဂိတ်များကို ခေတ္တရပ်ဆိုင်းထားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ