တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်စစ်ဆေးရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တာလေ        ဒီဇင်ဘာ        ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပေါ်စေရေး ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တာလေမြို့ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ  မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက အမှာစကားပြောကြားရာတွင် တာချီလိတ်-ကျိုင်းတုံ မြို့ကြီးများမှ ကိုဗစ်-၁၉ ရောဂါ positive တွေ့ရှိမှု အခြေအနေများ၊ မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရောဂါစစ်ဆေးမှုများ တင်းကျပ်စွာစစ်ဆေး ဆောင်ရွက်ရေး၊ တာချီလိတ်မြို့တွင် positive လူနာ တွေ့ရှိမှု နေ့စဉ်မြင့်တက်နေခြင်းကြောင့် တာချီလိတ်ဘက်မှ တာလေမြို့အဝင် တောင်သုံးလုံး ကျေးရွာတွင် ပူးပေါင်းစစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ရေး၊ ဒီဇင်ဘာလ (၂) ရက်နေ့မှ စ၍ ပြင်ပမှ ဝင်ရောက်လာမည့်သူတိုင်း သက်ဆိုင်ရာ ထောက်ခံချက်ပါရှိမှသာ မြို့တွင်းဝင်ရောက် ဖြတ်သန်းခွင့်ပြုရန်နှင့် နေရပ်ပြန်လာသူများ Quarantine ထားရှိ ဆောင်ရွက်ရေး၊ တာလေမြို့ အတွင်းရှိ ဈေးများအတွင်း အခြားဒေသများမှ လာရောက်ဈေးရောင်းချနေသည့် ဈေးသည်များကို ဒီဇင်ဘာလ (၂)ရက်မှစ၍ ဈေးရောင်းချခွင့်မပြုရေးနှင့် တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးညွှန်းကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်များကို ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်မြင့်ကျော်က တာလေမြို့တွင်း ကိုဗစ်-၁၉ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများနှင့် ကျန်းမာရေးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် ပြန်လှည်တုံ့ပြန်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေး/အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်များတွင် နေ့စဉ်ဖြတ်သန်း သွားလာကြသည့် ခရီးသွားများအား နေ့/ည မပျက် စောင့်ကြပ်စစ်ဆေးရေးနှင့် ဒေသခံများအား တာလေမြို့ ပြင်ပသို့ထွက်ခွာ သွားလာခွင့်မပြုကြရေးနှင့် သွားလာမည်ဆိုပါက မိမိစားရိတ်ဖြင့် Quarantine ထားရှိရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေရပ်ပြန်လာသူများအား Quarantine ထားရှိ ဆောင်ရွက်ရန် ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ရောဂါစောင့်ကြပ်စစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ဆွေးနွေးတင်ပြချက်များအား လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

အောင်ကျော်မိုး (ပြန်/ဆက်)