ဗန်းမော်မြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်ပြုလုပ်

ဗန်းမော်    ဒီဇင်ဘာ     ၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးထွေးမြင့်(ခရိုင်အုပ်ချုပ်ရေးမှူး)က ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှုဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်တုန့်ပြန်ဖို့၊ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက်ကောက်ယူစို့” ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများအနေဖြင့် စားဝတ်နေရေးအပါအဝင် အခြားသောအခက်အခဲများကြောင့် စိတ်ဖိစီးမှုများခံစားနေကြရပြီး အိမ်တွင်းအကြမ်းဖက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အတွက် ရန်ပုံငွေများ ပိုမိုထောက်ပံ့ပေးရန်၊ ကျား/မ အခြေပြုအကြမ်းဖက်မှုခံရသူများအတွက် မရှိမဖြစ် လိုအပ်သောဝန်ဆောင်မှုများရရှိနိုင်ရန်၊ တားဆီးကာကွယ်ရန်နှင့်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် အထောက် အထားများ၊ အချက်အလက်အမှန်များရရှိရေး လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဝင်းက အမျိုးသမီး များအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (ဖဲကြိုးဖြူလှုပ်ရှားမှုနှင့် ပတ်သက်ပြီး အသိပေး လှုံ့ဆော်ခြင်း)၊ ဗန်းမော်ခရိုင်အတွင်း သက်ငယ်မုဒိန်း၊ GBV အမှုကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသမီးများအရေးဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် GEN အဖွဲ့က ပေးပို့သော (၁၆)ရက်တာလှုပ်ရှားမှု Video Clip ပြသခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ စည်းကမ်းများနှင့်အညီ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)