ဒေးဒရဲ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များကို ရှင်းလင်းပြောကြား ဒေးဒရဲ-ဖျာပုံကားလမ်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်နိုင်ရေး အလုပ်သမားများ ဝင်ရောက်လာမည့်ကိစ္စ၊ သောကြာကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာနှင့် မြစိမ်းကန် ကျေးရွာများတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ များပြားစွာ တွေ့ရှိခြင်းအပေါ် ဆောင်ရွက်မည့် အစီအမံများ၊ မြို့မဈေးတွင် ဈေးရောင်းချသူများနှင့် ဝယ်ယူသူများ ညွှန်ကြားချက် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရေးအား မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က ကြပ်မတ်ဆောင်ရွက်စေရေးနှင့် Facility Quarantine စခန်းများတွင် Quarantine ဝင်ရောက်နေသူများအား ပြင်ပပုဂ္ဂိုလ်များနှင့် ထိတွေ့မှုမရှိစေရေး စည်းကမ်းထိန်းသိမ်းရေး ကိစ္စများနှင့်ပတ်သက်၍ ပြောကြားခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းနှင့်ဦးသန်းလွင်၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)