ဟားခါး ဒီဇင်ဘာ ၂
ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်ရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားရေးအပေါ် အခြေတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်နိုင်စွမ်းအား ကောင်းလာစေရန်ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို မြို့နယ် အတွင်းရှိ ကျေးရွာ၏ ၁၀ရာခိုင်နှုန်းကို စီမံကိန်းထောက်ပံ့ငွေ စတင် ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသောလူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို မြို့နယ်အတွင်းရှိကျေးရွာ၏ ၁၀ရာခိုင်နှုန်းကို စတင်ဆောင်ရွက်ရာ တွင် ကျေးလက် ကုန်ထုတ်လမ်း၊ ရွာတွင်းလမ်း၊ တံတားလုပ်ငန်း၊ သောက်သုံးရေရရှိရေး၊ ကျေးလက်မီးလင်းရေးအပါအဝင် ကျေးရွာ အခြေခံအဆောက်အအုံလုပ်ငန်းများ၊ စိုက်ပျိုး၊ မွေးမြူရေးအပါအဝင် ဝင်ငွေတိုးစေမည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို အဓိကထား၍ စီမံကိန်းမျှော်မှန်းချက်များသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေပေးရာတွင် အခြေခံ အဆောက်အအုံများအတွက်ကျေးရွာအတွင်း အိမ်ထောင်စုအနည်းအများ ပေါ်မူတည်၍ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် လုပ်ငန်းတူရာ အုပ်စုအလိုက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း (RCDP)ကို ဟားခါးမြို့နယ်အတွင်း ကျေးရွာပေါင်း(၆၈)ရွာ၏ ၁၀ ရာခိုင်နှုန်းကို စတင်ဆောင်ရွက်ပြီးနောက် ဆက်လက်၍ ကျေးရွာအားလုံးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊တီးတိန်မြို့နယ်နှင့် ထန်တလန်မြို့နယ်စသည့် မြို့နယ်(၄)မြို့နယ်အတွင်းရှိ ကျေးရွာများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှသိရှိရသည်။
ခရိုင်(ပြန်/ဆက်)