မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်မြို့ထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်

မိုင်းရှူး   ဒီဇင်ဘာ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းရှူးမြို့သို့ ဝင်ရောက်လာသည့်ခရီးသည်များအား နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ကုန်တင်ယာဉ်မောင်းများကို Test Kit  ဖြင့် စစ်ဆေးခြင်းနှင့်ခရီးသွားရာဇဝင်များ မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်ပါရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အခြားမြို့နယ်များမှ ဝင်ရောက်သူများအား Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိကာ သတ်မှတ်ရက်ပြည့်သောနေ့၌ အာခေါင်တို့ဖတ်ယူခြင်းများ ဆောင်ရွက်ပြီး ​ရောဂါပိုးမရှိပါက သတ်မှတ်ရက်ပြည့်လျှင် ​မြို့နယ်ကျန်းမာရေးဌာန ၏ထောက်ခံချက်ဖြင့် နေအိမ်များသို့ စေလွှတ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြို့ဝင်မြို့ထွက်ဂိတ်စစ်ဆေးရေးဂိတ်များ ဖြစ်သော နားစံစစ်ဆေးရေးဂိတ်နှင့် တန့်ယန်းစစ်ဆေးရေးဂိတ်တို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ် ဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့်တပ်မတော်သားများ ပူးပေါင်း၍ နံနက် ၇နာရီမှ ညနေ၄နာရီခွဲထိလည်းကောင်း၊ နမ့်ကတ်စစ်ဆေး ရေးဂိတ်၌ ထွေ/အုပ်အမျိုးသား ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက ညနေ ၄ နာရီမှည၈နာရီခွဲထိ လည်းကောင်း နေ့စဉ်အလှည့်ကျတာဝန်ချစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ဒီဇင်ဘာလ ၁ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာမရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထွဋ် ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)